ကြက်မွေးမြူရေးလုပ်ငန်းအတွက် ကြက်မျိုးတွေဘယ်လိုတည်ဆောက်မလဲ


• မွေးမြူရေးလုပ်ငန်းအောင်မြင်ဖို့အတွက် ကြက်မျိုးကောင်းမျိုးသန့်ရဖို့အရမ်းအရေးကြီးပါတယ်။ မျိုးကောင်းမျိုးသန့်ရဖို့အတွက် မျိုးစပ်နည်းအခြေခံသဘောတရားသိထားဖို့လိုပါတယ်။



• မျိုးစပ်တဲ့အခါ မျိုးတူကြက်အချင်းချင်းမျိုးစပ်နည်းနဲ့ မျိုးကွဲကြက်အချင်းချင်း မျိုးစပ်နည်း ဆိုပြီးတော့ရှိပါတယ်။ မျိုးသန့်ကြက်(၂)မျိုးကို သားစပ်လိုက်တဲ့အခါ ပထမမျိုးရောကို ရပါတယ်။ အဲဒီမျိုးရောကြက်တွေဟာ မျိုးသန့်မိဘတွေထက် ဥအုနှုန်းကောင်းလေ့ရှိပါတယ်။

• ကြက်မျိုးတစ်မျိုးမှာ ဥအုနှုန်းကောင်းပြီး ဥသေးနေရင် နောက်ကြက်တစ်မျိုးက အုဥနှုန်းမကောင်းပဲ ဥကြီးနေရင် အဲဒီကြက်နှစ်မျိုးကို ရောပြီးမျိုးစပ်ကြပါတယ်။ အဲဒီကြက်နှစ်မျိုးကို မျိုးစပ်လိုက်ရုံနဲ့ လိုအပ်ချက်ကို ရရှိနိုင်သလို မရတာလည်းရှိနိုင်ပါတယ်။

• ကြက်တစ်မျိုးထဲကို စံချိန်ကောင်းတဲ့ကြက် ထပ်ဆင့်ထပ်ဆင့် ဖောက်ကြပါတယ်။ မျိုးတူ မျိုးဖောက်ခြင်းဖြစ်တဲ့အတွက် မလိုလားတဲ့ အကောင်တွေလည်း ထွက်ရှိလာတတ်ပါတယ်။ အဲဒီကောင်တွေအားလုံးကို ဖယ်ရှားပြီး မျိုးသန့်ရဖို့ လုပ်ကြပါတယ်။

• မျိုးကြက်ဖောက်လုပ်ရောင်းချသူတွေဟာ နိုင်ငံခြားကနေတင်သွင်းလာတဲ့ မျိုးရင်းနဲ့နီးစပ်ဖို့ ကြက်ဖကို အချိန်ကြာကြာမလဲပဲ ဆက်ပြီးသုံးကြပါတယ်။ မျိုးဗီဇ ပြိုကွဲပျက်ပြယ်ခြင်းနဲ့ အနည်းငယ် ဟန့်တားဖို့ပဲဖြစ်ပါတယ်။ အဲဒီမျိုးရင်းကြက်ဖတွေကို ကြာကြာထားရှိခြင်းဖြင့် ဟန့်တားနိုင်ပေမယ့် မျိုးအောင်မှုလျော့နည်းမှုရှိ၊မရှိကို အမြဲသတိထားရပါမယ်။ မျိုးအောင်မှုလျော့နည်းတဲ့ အခန်း(ကြက်ခြံ) ကနေ မျိုးကြက်ဖကို လဲပေးရမှာဖြစ်ပါတယ်။ ဥထုတ်ဖို့အတွက်ပဲ မွေးမြူတဲ့သူတွေအတွက် အရေးမကြီးပေမယ့် ရက်သားကြက်ငယ်ထုတ်လုပ်ရောင်းချမယ့်သူတွေအတွက် မျိုးကြက်ထီးဟာ အရေးကြီးပါတယ်။

• အဖိုမျိုးနဲ့ အမမျိုးပေါင်းစပ်သွားပြီး သန္ဓေတည်လာရင် မျိုးအောင်တယ်လို့ခေါ်ကြပြီးတော့ 
ကြက်ဥဖောက်တဲ့အခါ ပေါက်တဲ့ပမာဏကို ဥပေါက်နှုန်းလို့ခေါ်ပါတယ်။ မျိုးအောင်ခြင်းနဲ့ အကောင်ပေါက်ခြင်းဟာ (၁)မျိုးရိုးဗီဇလိုက်ခြင်း၊ (၂)ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ခြင်း၊ (၃)အာဟာရပေါ်မူတည်ခြင်းတွေနဲ့ သက်ဆိုင်ပါတယ်။

• ဥထုတ်လုပ်ရောင်းချသူတွေဟာ ဥများများအုတာကို လိုလားပြီးတော့ အကောင် ဖောက်သူတွေဟာလည်း ပေါက်နှုန်းများတာကို လိုလားကြပါတယ်။ ဥနှုန်းပိုကောင်းတဲ့ ကြက်မတွေကို မျိုးကြက်အဖြစ်ထားပြီးတော့ ဥညံ့တဲ့ကြက်တွေကို မျိုးခြံကနေ ဖယ်ပစ်ရမှာဖြစ်ပါတယ်။ အချို့မှာ သန္ဓေသားသေတတ်တဲ့ ဗီဇရှိတတ်ပေမယ့် မျိုးပွားသူတွေက သတိမထားမိကြပါ။

• သုတေသနပြုချက်အရ ကြက်ဥအညိုမှာ အညိုရင့်ရောင်ဥဟာ ပေါက်နှုန်းပိုကောင်းတယ်လို့ သိရပါတယ်။ ဆက်ပြီးလေ့လာကြည့်တဲ့အခါ ဥအုနှုန်းနည်းတဲ့ ကြက်မကပိုညိုတဲ့ဥကို အုပါတယ်။ ပေါက်နှုန်းကောင်းပြီး ပိုညိုတဲ့ဥနောက်ကို လိုက်နေရင် အုနှုန်းညံ့တဲ့ ကြက်မကိုပဲ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်ပေါက်နှုန်းကောင်းတဲ့ဥထက် ဥအုနှုန်းကောင်းတဲ့ ကြက်နောက်ကိုပဲ လိုက်လေ့ရှိပါတယ်။

• မျိုးဗီဇကောင်းပေမယ့် အစားအစာမှာ အရိုးဓာတ်၊မီးစုန်းဓာတ်၊ မန်းဂနီးစ်၊ ဗီတာမင်ဒီဓာတ်တွေ လျော့နည်းနေရင် ဥခွံပါးပြီး ပျော့ကာ ပေါက်နှုန်းညံ့ပါမယ်။ ရာသီဥတုအခြေအနေနဲ့ လူတွေရဲ့ ဖန်တီးမှု၊ထားသိုကိုင်တွယ်မှုနဲ့လည်းဆိုင်ပါတယ်။ မိတ်လိုက်ပြီး နောက်တစ်နေ့ဥတဲ့ ကြက်ဥတွေဟာ မျိုးအောင်လေ့ရှိပါတယ်။ ကြက်ထီးတွေကို ဖယ်ရှားပြီးတဲ့နောက် ကောက်တဲ့ ဥတွေလည်း မျိုးအောင်ပါတယ်။

• ဥတွေထားသိုတဲ့ရက်ကြာလေလေ ပေါက်နှုန်းကျလေလေဖြစ်ပါတယ်။ ပရိုတင်းဓာတ်နည်းတဲ့ ကြက်တွေဟာ ပေါက်နှုန်းလျော့တတ်ပါတယ်။ မျိုးကြက်စာမှာ ငါးမှုန့်၊ပုဇွန်၊ဖွဲ၊ တိရစ္ဆာန် ပရိုတင်းပါရှိဖို့လိုပါတယ်။ အဲဒီတိရစ္ဆာန်ပရိုတင်းမှာ ကြက်ပေါက်စံချိန်ကောင်းတဲ့ ဗီတာမင်စီ(၁၂)နဲ့ အမိုင်နိုအက်ဆစ်တွေပါပါတယ်။ အာဟာရပြည့်ရင် ပေါက်နှုန်းကောင်းပြီး ကြက်သားပေါက်တွေ အသက်ရှင်သန်စွမ်းဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။
Source;အောင်ဝင်းထွဋ်၊ကြက်မွေးမြူရေးအကြောင်းသိကောင်းစရာ

Comments

Popular posts from this blog

စားဝတ်နေရေးပြေလည်စေဖို့ တပိုင် တနိုင် တောင်ပို့ ''မှို''ဖောက်နည်း

နွားကောင်းမကောင်း ဘယ်လိုခွဲခြားရွေးချယ်မလဲ